The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (      ) ရက်

          နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေများရယူခြင်းကိစ္စရပ်များအတွက် သတ်မှတ်ထား သော ကဏ္ဍများတွင်ရရှိလာသော ဖွံ့ဖြိုးမှုအကူအညီများကို ပိုမိုထိရောက်စွာ ပေါင်းစပ် ညှိနှိုင်းအသုံးပြုရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Sector Coordination Groups, SCG) ၏ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။

          ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကား ပြောကြားရာတွင်    ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၏ လမ်းညွှန်မှု များနှင့်အညီ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ကူညီပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး များအား  ဆက်လက် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရှိ ပြည်သူများအတွက် အများဆုံးအကျိုးဖြစ်ထွန်းမည့်အစီအစဉ်၊ ပံ့ပိုးကူညီမှုများကို ဦးစားပေး အကောင်အထည် ဖော်ဆောင်ရေးဖြစ်ကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးဆောင်၍  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး အနာဂတ် မြန်မာ နိုင်ငံ၏ ခိုင်မာသော ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်၊ အစီအမံများ ချမှတ်နိုင်ရေးအတွက် Myanmar Sustainable Development Plan ကို ရေးဆွဲလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် အနာဂတ် နိုင်ငံ့စွမ်းအင်ဖူလုံရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအောင်မြင်မှုအနေဖြင့် ယခုနှစ် တွင် စုစုပေါင်း အိမ်ထောင်စု ၄၂ % အထိ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာ များ၏ ၅၁ % အား လျှပ်စစ်မီးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ် ဓာတ်အား ၃၃၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်ခဲ့ရာတွင် ရေအားလျှပ်စစ်မှ ၆၀ % ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် ရေအား၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် ဇီဝလောင်စာ စသည်တို့ ပေါကြွယ်ဝသောနိုင်ငံဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး၊ ဟန်ချက်ညီသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဖြစ်ရန် သင့်လျော်သော အချိုးအစားများဖြင့် စွမ်းအင် အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် လိုအပ်လာမည့် ခန့်မှန်းလျှပ်စစ်ဓာတ်အားကို အပြည့်အဝ ဖြည့်ဆည်းနိုင်ရေးအတွက် ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် အကောင်အထည်ဖော်ရေး၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းလာသည့်အတွက် Liquefied Natural Gas (LNG) ကို အသုံးပြုပြီး ကာလလတ်စီမံကိန်းအနေဖြင့် မဂ္ဂါဝပ် ၃၀၀၀ အကောင် အထည်ဖော် ဆောင်ရွက်ရေးဖြစ်ပါကြောင်း၊ ကာလရှည်စီမံကိန်းအနေဖြင့် ရေအားလျှပ်စစ် စီမံကိန်းများကို အားထားဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်း အသစ် (၂) ခုဖြစ်သည့် ရွှေလီ (၃) စီမံကိန်းနှင့် ဒီးဒုတ်စီမံကိန်းတို့ကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရေး Notice to Proceed ထုတ်ပေးသွားရန်ရှိပါကြောင်း၊ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းကို အနိမ့်တမံစနစ်သုံး၍ တည်ဆောက်သွားမည်ဖြစ်ပါ ကြောင်း၊ ၎င်းအပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖြစ် သည့် မင်းဘူး (၁၇၀ မဂ္ဂါဝပ်) ၏ ပထမအဆင့် ၄၀ မဂ္ဂါဝပ်မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ပါဝင်မှုအချိုးမှာ ၈ ရာခိုင်နှုန်းရှိရန် ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းနောက် ၃ နှစ်အကြာတွင် ၁၂ ရာခိုင်နှုန်းရှိရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ယခုအခါ Solar Developer များမှလည်း လာရောက် အဆိုပြုတင်ပြမှု များစွာရှိကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပို့လွှတ်ခြင်းကဏ္ဍနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ဓာတ်အားစနစ်၏ ပင်မကျောရိုးအဖြစ် ၅၀၀ ကေဗွီစနစ်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ၄ ပိုင်းခွဲခြားပြီး၊ အပြန်အလှန်အထောက်အကူ ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းပင်မဓာတ်အားစနစ်မှ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများဖြင့် တစ်နိုင်ငံလုံးသို့ ခွဲဖြာ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးကိစ္စ ဆွေးနွေးနိုင်ရန်အတွက် နှစ်နိုင်ငံ အစိုးရချင်း ပူးတွဲလုပ်ငန်းအဖွဲ့များကို အိန္ဒိယ၊ တရုတ်၊ လာအိုနိုင်ငံများနှင့် ဖွဲ့စည်းထား ပါကြောင်း၊ ဓာတ်အားလိုင်းချိတ်ဆက်မည့် နိုင်ငံအချင်းချင်း Grid Code များ လိုက်လျောညီထွေ ဖြစ်ရန်ကိစ္စများ ဆောင်ရွက်ရန်ရှိပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးခြင်း ကဏ္ဍတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်ကို ဆောလျင်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ လျှပ်စစ်ကဏ္ဍတွင် လက်ရှိ ဓာတ်အားခနှုန်းထားအရ နိုင်ငံတော်မှ စိုက်ထုတ်ကျခံရမှု ပမာဏများသဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် Tariff Mechanism ကို စဉ်းစားရန် လိုအပ်ကြောင်း၊ ဓာတ်အားခတွင် ယင်းသို့ စိုက်ထုတ်ရသော နိုင်ငံတော်၏ ထောက်ပံ့ ပေးရမှုပုံစံကို အမှန်တကယ် ထောက်ပံ့ပေးရန် လိုအပ်သည့် ပြည်သူများအတွက် ကိုသာ Targeted Subsidies အနေဖြင့် စဉ်းစားသွားရန်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှလည်း အကြံဉာဏ် ကောင်းများ ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေး တက်ရောက်လာကြသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအနက်မှ ကမ္ဘာ့ဘဏ်အဖွဲ့မှ ကိုယ်စားလှယ်က ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သထုံ ၁၁၉.၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၊ JICA အဖွဲ့မှ ကိုယ်စားလှယ်က ဂျပန်နိုင်ငံ အစိုးရချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများဖြစ်သည့် ဘီလူးချောင်း အမှတ် (၁) နှင့် ဆည်တော်ကြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို အကြီးစားပြင်ဆင်ခြင်းလုပ်ငန်း၊ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံပြင်ဆင်ခြင်းလုပ်ငန်း၊ သီလဝါ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ အသစ်တည်ဆောက်ခြင်းလုပ်ငန်း၊ ဓာတ်အား ပို့လွှတ်ရေးအပိုင်းတွင် ၅၀၀ ကေဗွီနှင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ ဓာတ်အားဖြန့်ဖြူးမှု ကဏ္ဍတွင် ရန်ကုန်နှင့် အဓိကမြို့ကြီးများ၏ ဓာတ်အားဖြန့်ဖြူးမှုတိုးတက်ရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းများအပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ  ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဓာတ်အားဖြန့်ဖြူးမှုတိုးတက်ရေးစီမံကိန်းများ၊  အာရှဖွံ့ဖြိုးရေးဘဏ် ကိုယ်စားလှယ်မှ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် ဓာတ်အားဖြန့်ဖြူးမှု ကဏ္ဍတိုးတက်ရေးစီမံကိန်း၊ ဓာတ်အားစနစ်တိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၃၀ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများ ဆောင်ရွက်မည့်အခြေအနေ၊ ဂျာမနီနိုင်ငံ KfW အဖွဲ့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ခရိုင် ၃ ခုတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း စသည့်ကဏ္ဍများကို လည်းကောင်း၊ အခြား ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှလည်း ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုအသီးသီးတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ညှိနှိုင်းဆောင်ရွက် သွားရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
08-Aug-2018