၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်သူပိုင်ပြုလုပ်ခဲ့သော ရေနံလုပ်ငန်းများကို ၁၉၆၄ ခုနှစ် မတ်လတွင် “ပြည်သူ့ရေနံလုပ်ငန်း” ဟူ၍လည်းကောင်း၊၁၉၇၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် “မြန်မာ့ရေနံကော်ပိုရေးရှင်း” ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဝေါ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းမှ ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းကော်ပိုရေးရှင်း(Petrochemical Industries Corporation) နှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူး ရောင်း ချရေးကော်ပိုရေးရှင်း နှစ်ခုကို သီးခြားခွဲထုတ်၍ ဖွဲ့စည်းခဲ့ပါသည်။ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကော်ပိုရေးရှင်းအမည်မှ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် နေ့မှစ၍ ယနေ့အထိ “မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း” (Myanma Petrochemical Enterprise) အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
နိုင်ငံတော်၏စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်းရှိ ကုန်းတွင်းနှင့်ကမ်းလွန်တို့မှ ထွက်ရှိ သည့် ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ စွမ်းအင်ခြိုးခြံချွေတာရေး နည်းစနစ်များ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေဘဲ ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေသြဇာနှင့် ရေနံဓာတ်ငွေ့ရည်တို့အား တိုးမြှင့်ထုတ်လုပ်သွားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်သယ်ယူပို့ဆောင်သည့် နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရေနံစိမ်း၊ Condensate နှင့်သဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ရေနံချက်စက်ရုံ(၃)ရုံ၊ ဓာတ်မြေသြဇာစက်ရုံ(၅)ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံရှိပြီး အောက်ပါလုပ်ငန်းများ ဆောင်ရွက် လျှက်ရှိပါသည်-
၁။ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)
၂။ အမှတ်(၂)ရေနံချက်စက်ရုံ(ချောက်)
၃။ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)
၄။ အမှတ်(၁)ဓာတ်မြေဩဇာစက်ရုံ(စလေ)
၅။ အမှတ်(၂)ဓာတ်မြေဩဇာစက်ရုံ(ကျွန်းချောင်း)
၆။ အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)
၇။ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)
၈။ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)
၉။ အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)
၁၀။ အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)
၁၁။ အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း)